လေပွလေကယ်တာ ဘာကြောင့်ဖြစ်မလဲ
ရင်ခေါင်ကြီး တောင့်နေပြီး ဗိုက်ကြီးက ရိုက်လိုက်တဲ့အခါ တဗုန်းဗုန်းမြည်နေတာမျိုး ဖြစ်ဖူးကြမှာပေါ့နော်။ အစာစားပြီးစ ဖြစ်ရင်လည်း နေရတာ တကယ်ကို မအီမသာနဲ့၊ အစာမစားရသေးရင်လည်း ဘာကိုမှ မစားချင်၊ မစားနိုင်ဘဲ အီလည်လည်ကြီးနဲ့ တခါတလေ လေတွေက အထက်ကိုလည်းမဆန်၊ အောက်ကိုလည်းမဆင်းဘဲ လေပွလေကယ်နေတာမျိုးက တကယ်ကို ခံရခက်လှပါတယ်။
လေပွလေကယ်တာ ဘာကြောင့် ဖြစ်ရသလဲ?
အများအားဖြင့် gas ပါတဲ့ အရည်တွေသောက်တာ၊ ဟင်းသီးဟင်းရွက်တွေ စားတာ၊ အစာစားနေစဥ် လေတွေမျိုချမိတာကြောင့် အူထဲမှာ လေတွေများပြီး ဖြစ်တာပါ။ ဒါတွေအပြင်
- ဝမ်းချုပ်နေတာ
- အစာမကြေတာ
- Coeliac Disease လို့ခေါ်တဲ့ မိမိကိုယ်ခံအားက ဆဲလ်တွေကို ပြန်တိုက်လို့ အူသိမ်တွေထိခိုက်တဲ့ရောဂါ ဖြစ်တာ
- Irritable Bowel Syndrome လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်တဲ့ ရောဂါရှိတာနဲ့
- တချို့ အမျိုးသမီးတွေ ရာသီလာနေချိန်တွေမှာ လေပွလေကယ်တတ်ပါတယ်။
လေပွလေကယ်တာက တခါတရံ သားဥအိမ်ကင်ဆာရောဂါရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- ပုံမှန်ထက် ဝမ်းဗိုက်က ပိုဖောင်းနေသလို၊ ပြည့်နေသလို ခံစားရတာ
- ဗိုက်အောင့်ပြီး မအီမသာဖြစ်နေတာ
- ဗိုက်ထဲက သံစုံမြည်နေတာ
- တချို့မှာ ပုံမှန်ထက် မကြာခဏ လေလည်နေတတ်တာတွေ ဖြစ်နိုင်ပါတယ်။
သက်သာအောင် ဘာလုပ်ရမလဲ?
- အစာစားတဲ့အခါ လေတွေမဝင်အောင် ပါးစပ်ကို ပိတ်ပြီးသေချာဝါးစားပါ။
- အမျှင်ဓာတ်ပါတဲ့ အစားအစာ များများစားပါ။
- တစ်ခါတည်း အများကြီး မစားဘဲ နည်းနည်းနဲ့ ခဏခဏစားပါ။
- ရေများများသောက်ပါ။
- အရက်၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ Gas ပါတဲ့ ဖျော်ရည်တွေ ရှောင်ပါ။
- လေပွလေကယ်စာတွေ မစားပါနဲ့ (ဥပမာ…ဂေါ်ဖီထုပ်၊ ပဲ)
- သကြား၊ အဆီအစိမ့်နဲ့ အစပ်တွေ အများကြီး မစားပါနဲ့။
- ဝမ်းချုပ်ရင် MOM လို ဝမ်းနှုတ်ဆေးစားတာ၊ Buscopan လို ဆေးသောက်တာတွေ လုပ်နိုင်ပါတယ်။
ဒါတင်မက
- အစားအသောက် အနေအထိုင်ဆင်ခြင်တာတောင် ၂ ပတ်ကျော်တဲ့ထိ မသက်သာရင်
- ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဖျားတာတွေနဲ့ တွဲနေရင်
- တစ်လမှာ ၁၂ ကြိမ်လောက်ထိ ခဏခဏဖြစ်နေရင်
- ဗိုက်အောင့်ပြီး လေမလည်ရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိုးရိမ်ရတဲ့ ရောဂါတွေ ရှိမရှိ စစ်ဆေးသင့်ပါတယ်။
လေပွလေကယ်တာဟာ သာမန်ပြဿနာလည်း ဖြစ်နိုင်သလို သားဥအိမ်ကင်ဆာလို ကြောက်စရာရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် လေပွလေကယ်ယုံပဲဆိုပြီး ပေါ့ဆပြီး မနေကြပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်